ဗုံးနံပါတ်(၁၂)"စု" ဟူသော အမည်နာမသည် မြန်မာ့သမိုင်းတလျှောက် လျှမ်းလျှမ်းတောက်ခဲ့သော အမည်နာမတစ်ရပ်ဖြစ်သည်။ သမိုင်းတွင်းမှ ထူးချွန်ထက်မြက်သည့် အမျိုးသမီးတချို့တွင် အဆိုပါအမည် နာမပါရှိသည်။ ကုန်းဘောင်ခေတ်၏ နောက်ဆုံးဘုရင် သီပေါရာဇာ၏ ချစ်မငြီးသည့်မိဖုရားခေါင်ကြီး၊ သူ့ခေတ်သူ့အခါက ဓားအထက်ဆုံးအမျိုးသမီးဖြစ်သည့် ဧကရီထိပ်ခေါင်တင် နန်းမတော် စုဖုရားလတ်၊ မြန်မာ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မိခင် ဒေါ်စု၊ ကိုလိုနီခေတ်အတွင်း ထင်ရှားသည့် ရေနံမြေဒေါ်ခင်စု၊ ၀န်ကြီးချုပ်ဦးနု၏ ညီမရင်း၊ ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ မစုခေါ် စာရေးဆရာမကြီး ဒေါ်ခင်နှင်းယု စသဖြင့် စုနာမတို့ လျှမ်းလျှမ်းတောက်ခဲ့ကြသည်။ ယခု "စု"သည်လည်း မြန်မာတွင်မက ကမ္ဘာ့အလယ်တွင် နှစ်ပေါင်း နှစ်ဆယ်ကျော် လျှမ်းလျှမ်းတောက်ခဲ့ပြီး၊ တောက်နေဆဲဖြစ်သည်။
ပညတ်သွားရာ ဓာတ်သက်ပါသည်လား မဆိုနိုင်။ စုအမည်ပါသော မိန်းခလေးတို့သည် များသောအားဖြင့် ထက်မြက်သော သဘာဝရှိသည်ကို ကိုယ်တွေ့ကြုံဖူးသည်။ မိစုဟူသည့် အမည်ပိုင်ရှင် မိန်းခလေးများသည် ဆတ်ဆတ်ထိမခံ၊ နှုတ်လှန်ပြန်ထိုးတတ်ကြသည်ကို တွေ့ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာ၌ လူတကာသိသည့် စု သည် အမည်နာမကြောင့် ထက်မြက်သည်တော့ မဟုတ်ချေ။ ဗီဇနှင့်ပါရမီသည် လူတိုင်း ဆုတောင်း၍ရနိုင်သော အရာမဟုတ်သည့်အတွက် အဆိုပါ စု အား ဝေဖန်သမှုပြုရသူအဖို့ သားရဲပေါသည့်တော၌ သားသမင်အစာရှာစားသကဲ့သို့ အသက်အောင့်၍ ခြေလှမ်းချရပေလိမ့်မည်။ အသွားမတော်လျှင် တစ်လှမ်း၊ အပြောမတော်လျှင် ဂွမ်းရပေလိမ့်မည်။ သို့သော် မဂွမ်းချင်သော်လည်း မလှမ်းလျှင်မဖြစ်တော့သည့် အခြေအနေအရ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းတို့အား တစ်လုံးတပါဒမျှ မသိရှိနားမလည်သည့်၊ အခြေခံဥပဒေနှင့် မည်သည့်နိုင်ငံရေးစာပေမျိုးမဆို ဖတ်ရှုနိုင်စွမ်းမရှိသည့်၊ မဖတ်သည့်၊ ဖတ်သော်လည်း စိတ်မ၀င်စားသည့်၊ စိတ်ဝင်စားသော်လည်း ဝေဖန်သုံးသပ်နိုင်စွမ်းမရှိသည့် မိမိအပါအ၀င် လူဦးရေသန်းခြောက်ဆယ်နီးပါးအား ကိုယ်စားပြု၍ ဝေဖန်ရေးလေကန်ရေး လုပ်လိုက်ရပါတော့သည်။
တစ်ခေတ်တခါက စု၏ ဘုန်းတန်ခိုးအာဏုဘော် အရှိန်အ၀ါတို့သည် လူတော်တော်များများအား ထမင်းစားလမ်း ဖြောင့်ဖြူးစေခဲ့သည်။ လူတချို့အား စားပေါက်ပိတ်စေခဲ့သည်။ စုဓာတ်ပုံ တစ်ပုံဖြင့် ပြည်ပ၌ ဂွင်အကုန်ရသူများလည်း ရှိဖူးသည်။ တရားမ၀င်ဘ၀မှ တရားဝင်ဖြစ်စေခဲ့သည်။ လူရာမ၀င်ဘ၀မှ လူရာ ၀င်စေခဲ့သည်။ စုသည် ၎င်းတို့အတွက် စားစရာကိုဖန်တီးပေးခဲ့သကဲ့သို့ အားကိုလည်း ဖြစ်စေခဲ့သည်။ စုသည် မျှော်လင့်ချက်ဖြစ်ခဲ့သည်။ ထို့ကြောင့် မာတာပိတု အစား မာတာဒေါ်စုဂုဏော အနန္တော ဖြစ်ပေါ်လာခဲ့ သည်မှာ ထူးဆန်းအံ့သြဖွယ်ရာ မဟုတ်ချေ။
စုလွတ်မြောက်ရေးသည် တခေတ်တခါက မြန်မာ့နိုင်ငံရေးလောက၌ မရိုးနိုင်သော ကြွေးကြော်သံတစ်ခုဖြစ်ခဲ့ သည်။ စုလွတ်ပြီးနောက်ပိုင်း ယခင့်ယခင်ကမျှော်လင့်ချက်တို့ ပိုမိုအရောင်လက်လာသည်။ စုသားသမီးတို့ ပိုမိုအရောင်ထွက်လာကြသည်။ စုကား ၎င်းတို့၏ မျှော်လင့်ချက်ပင်။
နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည့် နိုင်ငံရေးဇာတ်ခုံပေါ်သို့ ပုဝါနှစ်စအသာချ၍ စုတက်လှမ်းလာခဲ့သည်။ စင်ပေါ်တက်မည့် သူမအား တချိန်က သူမအားမှီခိုစားသောက်ခဲ့ကြသည့် လူများတွင်းမှ တချို့က ဝေဖန်ပုတ်ခတ်ကြသည်။ သူမ၀သီအတိုင်း မည်သူ မည်သို့ပင် ငြူစူစေကာမူ မကြားချင်ယောင်ဆောင်၍ စင်ပေါ်တက်ခဲ့သည်။ တချိန်က သူမအားပိတ်လှောင်ခဲ့သူများအား အပြင်မှထပ်မံပိတ်လှောင်ထားသည့် သော့ခလောက်များအား တစ်ခုချင်း သူမလိုက်ဖွင့်ပေးသည်။ ထိုအတွက် ကျေးဇူးတင်စကားအချို့ ကြားရသော်လည်း သူမနည်းတူ အထဲတွင် ပိတ်လှောင်ခံခဲ့ရသူ (၀ါ) လွတ်လွတ်လပ်လပ် အကျယ်ချုပ်ကျခံခဲ့ရသူတချို့က နာကျည်းလျှက်ပင် ရှိနေသည်ကို တွေ့ရသည်။ ခရာမှုတ်၍ ကစားပွဲကား စချေပြီ။ မျှတခြင်းကား ပွဲအတွင်း ကန့်သတ်ထားသည့်အရာဖြစ်သည်။ ဘွာခတ်၍မရတော့ချေ။ ရလျှင်လည်း စုသည် ဘွာခတ်မည့် အတန်းအစားမျိုးမဟုတ်။ ဆန္ဒန်ဆင်မအသွင်ဖြင့် ကျုံးတွင်းသို့ ၀င်ရောက်လာခဲ့သည်။
စုပရိသတ်၏ လက်ခုပ်သံသည် ဘ၀ဂ်ညံခဲ့သည်။ ထိုအသံသည်ကား ပြိုင်ဖက်အုပ်စုအတွက် ထိတ်လန့်စရာပင်။ ထို့ကြောင့် "စု" ရုန်း၍ ကျုံးပြိုမည်ကို စိုးရိမ်ထိတ်လန့်နေသူများ၏ ကြိုးကွင်းများစွာ ကျလာလေတော့သည်။ စု ကား ရုန်းဆဲကန်ဆဲပင်။ ကြိုးကွင်းပစ်သူများသည် စု၏ အစဉ်အလာကို မယှဉ်နိုင်သည့်အတွက် စုသမိုင်းတွင်းမှ ချိုင့်ခွက်များအား တူးဆွကြလေသည်။ တူးဆွသူများနှင့် စုသားသမီးများကြား ရန်ပွဲများမှာ ခြိမ့်ခြိမ့်သဲ စည်ကားလျှက်ပင်။
စုဂုဏ်တော်အား နေ့စဉ်ရွတ်ဖတ်သရဇ္ဈာယ်သူအပေါင်းတို့အတွက်မူကား စု သည် အတုမရှိချေ။ ထို့ကြောင့် စုကို မထိရ။ ထိလျှင် မီးပွင့်တတ်သည်။ သို့သော် ရာဇပလ္လင်ဖင်ကပ်မွေး၍ စကြာရတနာဆိုက်ရောက်ခြင်း ခံရသူမဟုတ်သည့် စုအတွက် အခြွေအရံတည်းဟူသော အစုအဖွဲ့မျှလောက်နှင့် မင်းအင်္ဂါပြည့်စုံရန် မလွယ်ကူချေ။ ဤတွင် စု၌ကွက်လပ်များစွာရှိနေသည်မှာ ထင်ရှားလာပြီး အဆိုပါကွက်လပ်များအား ခလုပ်တိုက်ခြင်းဖြင့် ပြိုင်ဖက်များမှ စုအား နဲ့ရန် ကြံစည်ကြလေသည်။
စု၏ အရှိန်အ၀ါသည် ကြီး၏။ မည်သူမဆို စုနှင့်ယှဉ်လျှင် မှိန်သွားရသည်။ ထို့ကြောင့် စုသားသမီးများ ထမိန်ခေါင်းတွင်းမှ လက်ခမောင်းခတ်နိုင်ကြလေသည်။ သို့သော် ထမိန်ခေါင်းပေါင်းခြင်းဖြင့် အရှိန်အ၀ါထွက်သူများရှိသကဲ့သို့ ထမိန်ခေါင်းတွင်းရောက်မှ အရောင်အ၀ါမဲ့သွားသူများလည်း ရှိသည်။ လမင်းသာချိန် ကြယ်အရောင်မထွက်နိုင်သည်မှာ သဘာဝပင်။ သို့သော် ကြယ်၏ တန်ခိုးသတ္တိသည် အတိုင်းအတာတစ်ခုထိ တန်ဖိုးရှိကြောင်း စုမေ့နေသည်လား သို့တည်းမဟုတ် စုသားသမီးများ မေ့နေသည်လား မဆိုနိုင်။ ထိန်ဝါသော အလင်းရောင်အောက်၌ သာယာမှုအပေါင်း ခညောင်းနေကြသည်ဟု ဝေဖန်လျှင် စုသားသမီးများ ပွက်လောညံကြပေလိမ့်မည်။ လပြည့်ကျော်၍ လဆုတ်သောကာလ၌ ကြယ်တို့ လုံ့လထုတ်ရန် အဆင်သင့်မဖြစ်လျှင် ငုပ်စတုံးမည်မှာ မလွဲဧကန်ပင်။
တချိန်တခါက ပြည်ပရေဒီယိုအသံလွှင့်ဌာနတို့မှ နေ့စဉ်ရက်ဆက် ရွတ်ဖတ်သရဇ္ဈာယ်၍ စုနာမည်အား ရင်းနှီးသော်လည်းဓာတ်ပုံငယ်တစ်ပုံမျှမမြင်ဖူးရသည့် ခေတ်ကာလအား ဖြတ်သန်းခဲ့သူ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်တစ်ယောက်သည် ခေတ်အပြောင်းတွင် သောင်းပြောင်းထကာ မျက်နှာစာအလှပုံအဖြစ် ရေပန်းစားနေသည့် စုဓာတ်ပုံအား ကြည့်ရင်း စိတ်တွင်း၌ စုသမ္မတအဖြစ်ပါဝင်မည့် အစိုးရအဖွဲ့အား စိတ်ကူးယဉ်ကြည့်ပေလိမ့်မည်။ သို့သော် သမ္မတရွှေစလွယ်အား လွယ်သိုင်းထားသည့် စုမှလွဲ၍ တခြားပုဂ္ဂိုလ်များအား စိတ်ကူးဖြင့်မှန်းဆနိုင်စွမ်းသူ့တွင်မရှိချေ။ ခေတ်ပျက်ကာလတလျှောက် မှောက်ချည်လှန် ချည် ဖြတ်သန်းလာပြီးနောက် လောကဓံရှစ်ပါး၏ နှိပ်စက်ခြင်းအား လက်မြှောက်ထားလိုက်သူ ပင်စင်စားတစ်ယောက်သည် ရပ်ကွက်တွင်း လက်ဖက်ရည်ဆိုင်တွင် သတင်းစာဖတ်ရင်း စုသမ္မတအဖြစ်ပါဝင်သော အစိုးရအဖွဲ့အား စိတ်ကူးဖြင့် မှန်းဆပုံဖော်ကြည့်ပေလိမ့်မည်။ သို့သော် စုမှလွဲ၍ တခြားပုဂ္ဂိုလ်အစုအဖွဲ့အား အာရုံပြု၍ ထွက်မလာချေ။ မှန်းနိုင်သမျှ မှန်းဆသော်လည်း စမ်းတ၀ါးဝါးပင် ဖြစ်နေပေလိမ့်မည်။
လက်ပြန်ကြိုးတုတ်၍ ကခိုင်းလျှင် ယိုဒယားအစား ချိုမိုင်မိုင်ပင် ကရန်မဖြစ်နိုင်ချေ။ ထို့ကြောင့် စုခမျာ တက်လာခဲ့သည့်စင်ပေါ်၌ ယိုင်မလဲရန် အားတင်းလျှက် စည်းချက်မှန်အောင် နင်းနေရသည်။ ဤတွင် မကတတ်ပဲ စင်ပေါ်တက်လာသည်ဟု ဝေဖန်မှုများ တ၀ါးဝါး ထွက်ပေါ်လာတော့သည်။ စုသားသမီး အပေါင်းကား လက်ခုပ်တီးရန်သာ ၎င်းတို့အတွက် တာဝန်ရှိသကဲ့သို့ ထင်မှတ်နေဆဲပင်။ လမ်းကူထွင်ပေး မည့်လူမရှိသည့် ဘ၀တွင် စုတစ်ယောက် လက်နောက်ပြန်ကြိုးတုတ်ခံလျှက်နှင့် တစ်ယောက် တည်း ဖောက်ရရှာသည်။ စုသားသမီးများကား အမေရှိလျှင် သုံးစရာရှိသည်ဟု ထင်မှတ်နေကြဆဲပင်။ အမေဘိုင်ပြတ်လျှင် ၎င်းတို့ငတ်မည်ကို ယောင်၍ပင်မစဉ်းစားကြချေ။
အနှောင်အဖွဲ့မှ လွတ်သောအခါ အကျဉ်းအကြပ်သည် စုအား လက်ဆန့်ကြိုဆိုလျှက်ရှိသည်။ ဆုပ်လည်းစူး၊ စားလည်းရူးသည့် သစ်သီးတို့သည် စုနံဘေး၌ အဆုပ်လိုက်ဝေဆာလျှက်ရှိသည်။ မစားလျှင် သူရဲဘောကြောင်သည်၊ တာဝန်ယူလိုစိတ်မရှိ၊ ခေါင်းရှောင်သည် အစရှိသော ဂုဏ်ပုဒ်တို့ စုရင်ဘတ်၌ တစ်ခုပြီးတစ်ခု ချိတ်ဆွဲခြင်းခံရမည်ဖြစ်သည်။ ဤကား တချိန်တခါက အလွန်တရာမျှော်လင့်ခဲ့ကြခြင်း ၏ ဘေးထွက်ဆိုးကျိုးပင်။ မခံချင်၍ စားမိလျှင်လည်း စုသက်ဆိုးမရှည်နိုင်။ စုမကျူးလွန်ခဲ့သည့် အလုံးစုံသော အပြစ်တို့သည် စုခေါင်း၌ပုံကျလာပေလိမ့်မည်။ စုသားသမီးများကား နှပ်တရွှဲရွှဲဖြင့် ဂီးဂဲလုပ်နေဆဲပင်။ ဤသည်ပင် ၎င်းတို့အတွက် တာဝန်ကြေပြီဟု ထင်မှတ်နေကြသည်။
တစ်နေရာ၌ ငြိမ်ငြိမ်ရပ်ရန်မဖြစ်နိုင်သည့်အခါ စုခမျာ အနည်းစုဟုထင်ရသော ဘက်သို့ ထွက်ရပ်ကြည့်သည်။ အများစုဟူသောအစုအဖွဲ့မှ ရစရာမရှိသည့် ပြစ်တင်ဝေဖန်သံများ ထွက်ပေါ်လာသည်။ ထိုအခါ အများစုဟုထင်ရသော အစုအဖွဲ့သို့ တဖန်ထွက်ရပ်ကြည့်ပြန်သည်။ တစ်ဖက်မှဝေဖန်ပြစ်တင်ရှုံ့ချသံတို့ကား ဘ၀ဂ်ညံသွားပြန်သည်။ စုသားသမီးများကား စုနောက်ပါး၌ ရွှေစွန်ညိုကစား၍ မယ်ထွေးလုပ်လျှက်ပင် ရှိနေကြသည်။ နှစ်ဖက်စလုံး ရပ်ကြည့်ပြီးအဆင်မပြေသည့်အခါ စုခမျာ သူမအနှောင်အဖွဲ့အတွင်း ရောက်ရှိနေ ချိန်တွင် ဖွတ်ကျောပြာစုဖြစ်သွားသည့် အိမ်အတွက် ရိက္ခာရှာထွက်ရပြန်လေသည်။ ထိုအချိန်တွင်လည်း နိုင်ငံ တကာမှ အိမ်ရှင်တချို့က ဆုပ်လည်းစူး၊စားလည်းရူးသည့် သစ်သီးများနှင့်ပင် ဧည့်ခံကြပြန်လေသည်။ ထိုအခါ စုမှာ ငါးရှဥ့်ကွက်နင်း၍ ထွက်ရလေတော့သည်။ ငြင်းလျှင် အိမ်အပြန်တွင် ဘာမှမပါပဲ လက်ဗလာဖြင့် ပြန်ရပေ လိမ့်မည်။ စားမိလျှင်လည်း ၀မ်းသွားမိကိန်းပင်။
မတရားဥပဒေ၏ စိုးမိုးမှုအောက် မျိုးဆက်၂ဆက်ကျော်မျှ ရင်စီးခံစားခဲ့သူအပေါင်းတို့အတွက် စုကိုင်ထားသည့် တရားဥပဒေစိုးမိုးခြင်းတည်းဟူသော စက်သေနတ်သည် ၎င်းတို့နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးမြင်တွေ့နေခဲ့ရ သည့် နီးရာဓားတည်းဟူသော ထင်းခုတ်ဓားမထက် ပိုမိုအစွမ်းထက်သည်ကို ယုံကြည်လက်ခံရန် ခက်ခဲလှချေသည်။ စုတစ်ယောက်တည်း စက်သေနတ်အား ကျည်ထိုးနေချိန်တွင် ပြိုင်ဖက်အုပ်စုမှ ထင်းခုတ်ဓားမ ရမ်းပြခြင်းကြောင့် လူအများကြောက်ရွံ့တုန်လှုပ်နေလျှက် ရှိနေကြသည်။ အသွားမပါသော စက်သေနတ်သည် ထင်းခုတ်ဓားမကဲ့သို့ တစ်စုံတရာကို ပြတ်အောင်မခုတ်နိုင်ဟူသော အယူအဆတို့ တွင်ကျယ်ပျံ့နှံ့လာသည်။ စုသားသမီးများကား ဂီးဂဲလုပ်ဆဲပင်။ အမေအတွက် ကျည်ကူထိုးပေး မည့်၊ မောင်းကူတင်ပေးမည့် သားသမီးကား ရှားပါးလှချေသည်။
တချိန်တခါက ပြိုင်ဖက်အုပ်စုတွင်းမှ ပြောင်းဖူးခင်းပိုင်ရှင်၏ အမြဲတစေပြောဆိုနေကျ စကားတစ်ခုဖြစ်သည့် " မျောက်မပလ္လင်ပေါ်ရောက်လျှင် နင်တို့အမျိုးထဲကဟာမတွေ အကုန်မျောက်နှင့်ညားလိမ့်မည်" တည်းဟူသော ဟောကိန်းအား ငပြိန်းတို့ ယုံသထက်ယုံလာကြသည်။ တွက်ကိန်းများစွာချ၍ အမျိုး၊ဘာသာ၊ သာသနာအကြောင်း နှိုးဆော်ကြေငြာမောင်းခတ်ကြလေသည်။ တရားဥပဒေစိုးမိုးမှုသည် တရားမ၀င်ခြင်းအား အသိအမှတ်မပြုဟူသော အချက်ကို သတိမထားမိပဲ လူ့အခွင့်အရေးတံဆိပ်ကပ်၍ မျောက်များအား အင်ပို့လုပ်မည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။ တရားဥပဒေအောက်၌ သိကြားမင်းပင်လျှင် မျောက်အား အိမ်တွင်းသွင်းခွင့်မရှိသည်ကို မေ့လျှော့နေကြသည်။ လူအများ သဘောညီစွာ စီရင်ထားသည့် တရားဥပဒေအား မျောက်လာပြင်၍ မပျက်နိုင်ချေ။ တရားဝင်သူမှန်လျှင် မျောက်ပင်ဖြစ်လင့်ကစား တိုက်ပုံကားကားဖြင့် ၀င့်ကြွားစွာနေနိုင်သည်။ ထိုအချက်အား သိသာထင်ရှားစေရန် စုအသံတစ်ခုတည်း အော်၍ အသံသာပြာမည်။ အရာရောက်လိမ့်မည်မဟုတ်ချေ။ စုသားသမီးများကား နှပ်ရွှဲရွှဲနှင့် ဂီးဂဲလုပ်နေဆဲပင်။ အားကိုးမရချေ။
ရည်မှန်းထားသည့် ပလ္လင်သို့ တက်ရာလမ်းသည် စုအတွက် ကြမ်းတမ်းလှချေသည်။ လမ်းတလျှောက် ထောင် ချောက်များက နင်းကြမ်းပြည့်လျှက်ပင်။ စုသားသမီးများကား စုအားရှေ့တန်းတင်လျှက်ပင် ရှိနေကြသည်။ လှေကားထောင်ပေးမည့်လူ၊ လမ်းရှင်းပေးမည့်လူကား နထ္ထိ။ ဘိသိက်ခံမည့် ဘုရင်သည် မင်းအင်္ဂါစုံလင်ရန် အထူးလိုအပ်လှပေသည်။ သို့သော် စုသားသမီးများကား အမေ့ရင်ခွင်တွင် နွဲ့၍ကောင်းဆဲ၊ချွဲ၍ကောင်းဆဲပင် ရှိနေကြသည်။ အရွယ်မရောက်ကြသေးပေ။ လိုအပ်သည်ထက်ပိုသောအခါ အမြင်ကပ်ခြင်းက မဖိတ်ခေါ်ပဲရောက်လာတတ်သည်။ မြန်မာပြည်၌ မန်ယူသည် ပရိသတ်အများဆုံးအသင်းဖြစ်သည်။ မန်ယူပရိတ်သတ်များ အိုဗာတင်းအသောက်များသောအခါ မန်ယူကိုနှစ်သက်သော်လည်း ပရိသတ်၏ အကဲဆတ်ပုံ၊အဖြစ်သည်းပုံတို့အား ကြည့်မရဖြစ်လာသူအပေါင်းတို့သည် အစဉ်အလာမရှိသည့် မန်စီးတီးအား အားပေး၍ မန်ယူအားဆန့်ကျင်ကြကုန်၏။ မန်ယူဖန်နှင့် ခွတ်ဒေါင်းမာန်ပေါင်းစပ်ထားသည့် စုသားသမီးအပေါင်းကား ပတ်ဝန်းကျင်အား သတိမထားပဲ နှပ်တရွှဲရွှဲနှင့် ဂီးဂဲလုပ်ဆဲပင်။ စုခမျာ မောလှချေပြီ။ အားကိုးစရာကား နထ္ထိ။
ပလ္လင်ပေါ်ရောက်သည့်တစ်နေ့၌ ဖင်မြဲမြဲထိုင်နိုင်ရန် စုသားသမီးများ၌ မည်သည့်အကြံအစည်မျှ ရှိဟန်မတူချေ။ ပါဝါ(စွမ်းအား)ရှိသော်လည်း အာဏာသည် စုအတွက် ရာနှုန်းပြည့်ပိုင်ဆိုင်မည့် အလားအလာမမြင်။ ခွဲတမ်းကျမျှသာ ရမည့်အခြေအနေရှိနေသည်။ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များကြား စုသြဇာထိ ထိရောက်ရောက် မသက်ရောက်နိုင်သေးချေ။ ထိုအချက်သည် စုပလ္လင်ပေါ်ထိုင်သည့်တစ်နေ့ ခလောက်ဆန်၍ အကောင်းဆုံးအနေအထားတွင် ရှိနေသည်။ ခလောက်ဆန်၍ အကောက်ကြံသော် ပလ္လင်ပေါ်မှစုသည် တချိန်က နန်းမတော်စုဖုရား၏ ရာဇ၀င်တွင်သော စကားအား ပြောင်းပြန်လှန်၍ "စုမတိုက်ချင်ဘူး ဘိုးဘိုး" ဟု ပြောရန်မဖြစ်နိုင်ချေ။ ထိုအခါ စုမုန်းတီးရေးရိုက်သွင်းထားသည့် ယူနီဖောင်းဝတ်တို့က စုသြဇာအား အပြည့်အ၀နာခံမည်မှာ သံသယဖြစ်ဖွယ်ကောင်းလှသည်။ စုသားသမီးများက ခွေးရုပ်ပိုက်ကာ နှပ်တရွှဲရွှဲဖြင့် ဂီးဂဲလုပ်ရင်း စစ်ခွေးအမွှေးနုတ်တမ်း ကစားလျှက်ပင် ရှိနေကြသည်။
ပြိုင်ဖက်အုပ်စုအတွင်း မူဝါဒအရ စုမုန်းတီးရေး ရိုက်သွင်းထားသကဲ့သို့ စုသားသမီးမှာလည်း အမိမဲ့သားရေနည်းငါးဘ၀တွင် ရန်သူမျိုးငါးပါးအတွင်းမှ သုံးပါး၏နှိပ်စက်ကလူပြုမှုကြောင့် စစ်သားမုန်း တီးရေးရောဂါ စွဲကပ်လျှက်ရှိသည်။ နှစ်ဖက်စလုံး၏ နာတာရှည်ရောဂါလက္ခဏာများကား တွေ့လျှင်ကိုက်လေ့ ရှိသည်ကို တွေ့ရသည်။ ဤရောဂါတို့အား ပျောက်ကင်းအောင် ကုစားနိုင်သူမှာ စုတစ်ယောက်သာရှိသည်။ သို့သော် စုခမျာမအား၊ စုသားသမီးများကား နှပ်တရွှဲရွှဲနှင့် ဂီးဂဲလုပ်နေဆဲပင်။ စိတ်ပျက်စရာကောင်းလှသည်။
အချုပ်အားဖြင့် ကုပ်ရသော် မာတာပိတုဂုဏော အနန္တောဟု ဘုရားဟောကျမ်းဂန်တွင် ပါရှိသော်လည်း မိမိအတွက်အနန္တောသည် တပါးသူအတွက် အနန္တောဖြစ်ချင်မှဖြစ်မည်။ အတင်းဖြစ်ခိုင်းလျှင် တစ်ဖက်ကချဉ်ကာ အမြင်ကပ်ခံရတတ်သည်။ ကျိုးကြောင်းဆင်ခြင်မှုမပါပဲ စိတ်ထင်ရာလျှောက်လုပ်သည့် အကျိုးဆက်သည် မိမိအပါအ၀င် မိမိအားပေးထောက်ခံ ကိုယ်စားပြုသည့် အစုအဖွဲ့အား ဂွမ်းစေတတ်သည်။ ခေါင်းဆောင် မည်မျှပင်ကောင်းစေကာမူ နောက်လိုက်မကောင်းလျှင် မြောင်းထဲရောက်တတ်သည်။ ပစ္စယံ၊ငှက်ပျောဖူး၊ ထီး၊ငှက်မြတ်နားမပါပဲစိန်ဖူးတော်တင်လှူပူဇော်ရန်မဖြစ်နိုင်ချေ။ ခေါင်းဆောင်သည် နောက်လိုက်အားတွဲခေါ်သကဲ့သို့ နောက်လိုက်သည်လည်း ခေါင်းဆောင်အား ပံ့ပိုးပေးရန်လိုအပ်သည်။
အရာရာ စုသဘော.. စုသဘောဟု ပုံအပ်ထားပါက စုမောလျှင် စုသားသမီးများ လျှာထွက်ကြပေလိမ့်မည်။ စုမှားလျှင် အားလုံးပျားတုပ်ခံရလိမ့်မည်။ စုသည်ကား ဘုရားမဟုတ်။
ဘွရှင်
စောက်ပေါတစ်ကောင်၏ ထင်သလိုသောင်းကျန်း ရမ်းကားဗုံးခွဲမှုအစုစုတို့ကား ဤ၌ နိဌိတံလေ၏။ မကြာမှီအလောင်းကောက်၍ လက်စဖျောက်မည်ဖြစ်ပါသဖြင့် မနွှဲလိုက်ရ ခေတ်မမှီမဖြစ်စေရန်အလို့ငှာ ဂီးဂဲအပေါင်းအား ဖိတ်မန္တကပြုလိုက်ရပါတော့သည်။
ခိခိ
မူရင်းလင့်ကတော့ ဒီကိုသွားလိုက်ပါ...
ဘာရယ်တော့ မဟုတ်ဘူး အမှတ်တရလေးကျန်အောင်လို့ ကူးထားတာ ဖတ်ကြည့်တော့ နဲနဲ ဖတ်ကောင်းတယ်
သူ့အမြင်ကိုယ့်အမြင်ပေါ့ဗျာ..။ ဘာပဲပြောပြော မင်းချည်းတော့လည်း ဘာမှမပြီး ငါချည်းတော့လည်း ဘာမှမပြီး
မင်းသူငါစုံညီးမှ အာလုံးပြီး...ဆိုလားဘဲကွာ ဆောင်ပုဒ်တောင်မေ့နေပြီ..။ စကာပုံတွေလည်း ရှိသာဘဲ..။
တစ်ကောင်ကောင်းရုံနဲ့ ချောင်းမကူးဘူးဆိုတာလေ..။ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ ဖြစ်တဲ့အရာမှ
မဟုတ်တာ..။ ဒါက နိုင်ငံရေးဘဲလေ..။ နိုင်ငံအတွင်းမှာ တစ်ယောက်တည်းနေတာမှ မဟုတ်တာ...။ အများကြီး
နေတာဆိုတော့ လူအများကြီးက ညီညွတ်မှပေါ့ လူအများကြီး လုပ်မှပေါ့ ကျုပ်တော့ ဒီလိုဘဲ သဘောပေါက်
တယ်.. မညီညွတ်လို့ ခုတိုင်းပြည်မှာ ဖြစ်နေတာတွေ အားလုံးအသိပါ....ဘယ်အရာမဆို မညီညွတ်ရင်တော့
မကောင်းဘူး ဥပမာအားဖြင့် မိသားစုတွင်းမှာတောင် မညီညွတ်ရင် စီးပွါးရေး ဘယ်လုပ်လို့ ကောင်းတော့မလဲ
စိတ်လည်း ချမ်းသမှု မရှိတော့ဘူး...လေ... ဒါပါဘဲဗျာ.....ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ဝေဖန်ဆန်းစစ်ကြပါ...
No comments:
Post a Comment